မင်္ဂလါပါ အားလုံးကိုကြိုဆိုပါတယ်။ ဥရောပရောက် မြန်မာများအတွက် ကဏ္ဍအစုံအလင်ကို တက်နိုင်သမျှ တင်ဆက်သွားမှာဖြစ်ပါတယ် ပညာရေး/စီးပွာရေး/နည်းပညာနဲ့ မာတီမီဒီယာ တိုဆွေးနွေးရာ ဘလော့တစ်ခုအဖြစ် ရည်၇ွယ်ပါတယ်။ကျေးဇူးတင်ပါသည်။

Saturday, July 23, 2011

ဓာတ်ပုံသမားကောင်း တစ်ယောက်ဖြစ်လာအောင်.....

ဓာတ်ပုံသမားကောင်း တစ်ယောက်ဖြစ်လာအောင် ဘာတွေလိုအပ်သလဲဆို တာကို ဓာတ်ပုံဆရာက အခန်းဆက်ဆောင်းပါး တွေနဲ့ အွန်လိုင်းပေါ်မှာ ဖော်ပြထားပါတယ်။ အဲဒီဆောင်းပါးတွေကို ဖတ်ရှုလေ့လာခြင်းအားဖြင့် သင့်ရဲ့ဓာတ်ပုံရိုက်တဲ့နည်းစနစ်တွေ တိုးတက်လာပါလိမ့်မယ်။ 'ဟယ်. . . သိပ်မိုက်ပါလား'လို့ သူငယ်ချင်းတွေအံ့သြသင့်သွားစေတဲ့ ပုံမျိုးကို ရိုက်နိုင်ပါလိမ့်မယ်လို့ မူရင်း စာရေးသူကဆိုပါတယ်။ သင့်ရဲ့ဖန်တီးနိုင်စွမ်းကို အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကိုပြောပြမှာဖြစ်တယ် လို့လည်း သူကပြောပါတယ်။ သူ့ရဲ့ဆောင်းပါးတွေကို ဖတ်ပြီးရင်စာဖတ်သူတွေရဲ့ တုံ့ ပြန်ချက်တွေ၊ အကြံပြုချက်တွေနဲ့ ဝေဖန်ချက်တွေကို မျှော်လင့်နေကြောင်း လည်းပြောပါတယ်။ သူရဲ့အာဘော်ကို အတတ်နိုင်ဆုံးဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြပေးလိုက်ပါတယ်။

ကင်မရာနှင့်ဆက်စပ်ပစ္စည်းများ(Camera Equipment [Gear])
ပထမဆုံးပြောချင်တာက ကင်မရာအကြောင်းပါ၊ စာဖတ်သူအတော်များများက တစ်ချို့သောကင်မရာမော်ဒယ်တွေက ဓာတ်ပုံ ကောင်းကောင်းတွေရနိုင်ပါ့မလား၊ ဒါမှမဟုတ်ဓာတ်ပုံကောင်းတွေရနိုင်ဖို့ ကင်မရာ မှာပါသင့်တဲ့ Features တွေကိုအကြံပြုပေးပါလို့ မေးမြန်းတောင်းဆို လာကြတယ်။ 6 Mega Pixels နဲ့ရိုက်ရင်ရပြီလား ဒါမှမဟုတ် ပုံထွက် ကောင်းဖို့ 12 ဒါမှမဟုတ် 22 Mega Pixels နဲ့ ရိုက်ဖို့လိုအပ်ပါသလား၊ Manual Modes သုံးမျိုးလောက်နဲ့အဆင်ပြေပါ့မလား၊ ဒါမှမဟုတ် Menus တွေအများကြီးနဲ့ Setting တွေ အများကြီးပါတစ်မျိုးနဲ့ ရိုက်မှ ပုံထွက်ကောင်းမှာလား။ Point Shoot ကင်မရာနဲ့ ရိုက်ရင် ဓာတ်ပုံတွေကကောင်းပါ့မလား။ ဒါမှမဟုတ် SLR ကင်မရာနဲ့မှ ရိုက်နိုင်မှာလား၊ အတော်များများကဒီ လိုတွေးကြပါတယ်။ " Pro အဆင့် ကင်မရာမျိုးနဲ့သာ ငါရိုက်နိုင်မယ်ဆိုရင် ငါ့ပုံတွေက ပရော်ဖက်ရှင်နယ်ဓာတ်ပုံ ဆရာကြီး တွေရိုက်ထားတဲ့ပုံတွေလိုပဲ ကောင်းမှာ" ဒါအမှန်ပဲလား. . .။


စိတ်မပူပါနဲ့
ခင်ဗျားတို့ထင်ထားသလို ကင်မရာအကောင်းစားနဲ့ ရိုက်မှဆိုတဲ့ ကိစ္စကအရေးကြီးတဲ့အချက်မဟုတ်ပါဘူး။ နောက်ဆုံးပေါ် အကောင်းစား ကင်မရာတစ်လုံးက ပုံကောင်းတွေရစေဖို့အခွင့်အရေး ပိုရစေတာအမှန်ပါပဲ၊ ထိုနည်းတူစွာပဲ သိပ်ကောင်းတဲ့ Auto Focus၊ သိပ်မြန်တဲ့ရှပ်တာ Shutters တွေနဲ့ တခြားသောဆန်းသစ်ချက်တွေကြောင့်လည်း အပြစ်အနာအဆာတွေ ပိုများစေနိုင်ပါတယ်။ နောက်ဆုံးပေါ်ကင်မရာတွေမှာ ဒီလိုအားသာချက်တွေ ပါတဲ့အတွက် ပုံကောင်းတွေရစေမယ်လို့တော့ အော်တိုမစ်တစ် အာမခံချက် မပေးနိုင်ပါဘူး၊ ခင်ဗျားတို့ရဲ့အဆင်မပြေတဲ့ ရိုက်ချက်တစ်ချို့ကို ကောင်းအောင်တော့ လုပ်ပေးနိုင်ပါလိမ့်မယ်၊ ဈေးပေါပေါ ကင်မရာ တစ်လုံးနဲ့ ပုံကောင်းတွေထွက်အောင် ရိုက်နိုင်သလို နောက်ဆုံးပေါ်အဆင့်မြင့် ကင်မရာနဲ့ရိုက်လို့ ပုံကောင်းတွေရချင်မှရနိုင်ပါတယ်။

Resolution
အပျံစား ဓာတ်ပုံကောင်းတွေရိုက်နိုင်ဖို့ ဓာတ်ပုံပညာ (Photography)ကိုကျေညက်ထားဖို့ လိုအပ်ပါတယ်။ နောက်ဆုံးပေါ် အကောင်းစား resolution များတဲ့ Point and Shoot ကင်မရာထက်စာရင် ကျွန်တော်ကတော့ အရင်တုန်းက SLR ကင်မရာကိုပို ကြိုက်ပါတယ်။ အထူးလိုအပ်ချက်ကြောင့်မဟုတ်ပါဘူး၊ ဒါမှမဟုတ် နံရံဘေး resolution အများကြီးမလိုအပ်ပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း ပစ္စည်းအကောင်းစားကြိုက်တာ ပါပဲ၊ နောက်ဆုံးပေါ် 5DM2 တို့ကိုကြိုက်တာပေါ့။ ဒါပေမယ့် Rebel X SI နဲ့ အနုပညာမြောက်ပုံတွေကို ကျွန်တော်ဖန်တီးနိုင်တုံးပါပဲ၊ ကျွန်တော်တို့ရဲ့ inferioritycomplex ခေါ် အားငယ်စိတ်ကို ကျော်လွှား နိုင်ဖို့လိုအပ်ပါတယ်။ အကောင်းစား pro ကင်မရာကြီးတွေနဲ့ ထိပ်တန်းမှန်ဘီလူးတွေကိုင်ပြီး လှုပ်ရှားသွားလာနေကြသူတွေကို ကျွန်တော်တို့ရဲ့ မျက်စိရှေ့မှာ မြင်နေရပါတယ်။ သူတို့ဘာတွေပဲကိုင်ကိုင် ကျွန်တော်ရဲ့ မြို့တွင်းကပုံတွေကိုသွားရင်း လာရင်း ရိုက်တာပါ။ ကိုယ်ထည်ကြီးတဲ့ ကင်မရာမျိုးတွေက ဟိုဒီသယ်သွားရ တာအတော့်ကို လေးလံပါတယ်။
ဖတ်ရင်အကျိုးရှိမယ့် ဆောင်းပါးတစ်ပုဒ်ကို ကျွန်တော်ညွှန်ချင်ပါတယ်။ ဒါကတော့ mega pixels နဲ့ပတ်သက်ပြီးရေးထားတဲ့ Arguments against the Megapixel Race ဖြစ်ပါတယ်။
သင့်ရဲ့အင်အားတွေကို ပြန်အာရုံစိုက်ပါ
ကင်မရာကောင်းမှ ပုံကောင်းထွက်မယ်ဆိုတဲ့ စွဲလန်းစိတ်ဖြစ်နေမယ့်အစား အပြင်ထွက်ပြီး စမ်းသပ်မှုပြုလုပ်ခြင်းအားဖြင့် ခင်ဗျားတို့ရဲ့အင်အားနဲ့ အချိန်ကိုအသုံးပြုပါ။ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေနဲ့ ဈေးကြီးတဲ့ကင်မရာနဲ့ ပစ္စည်းက ခင်ဗျာကို ခြောက်လှန့်တာမျိုး မဖြစ်ပါစေနဲ့။ သူတို့ဆီမှာ ဘယ်တုံးကမှမရှိတဲ့ ရွေးချယ်ပိုင်ခွင့်တွေ ခင်ဗျားဆီမှာ ရှိနေပါတယ်။ သုံးချောင်းထောက် ခွ(Tripod)ကိုအိမ်မှာ ထားခဲ့ပြီး သူတို့မသွားနိုင်တဲ့နေရာမျိုးကို နယ်ပယ်သစ်ရှာဖွေတဲ့အနေနဲ့ သွားပါ။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးရှင်းရှင်းပြောရရင် သူတို့မှာ အချိန် ကန့်သတ်ချက် Deadlines တွေနဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရမယ့် သတ်မှတ်ချက်တွေ ရှိနေလို့ပါပဲ၊ စိတ်အားထက်သန်မှုတွေနဲ့ စမ်းသပ်လုပ် ကြည့်ရတာက ကန့်သတ်ချက်တွေနဲ့ အလုပ်နဲ့ တူအောင်လုပ်နေရတာထက် ပိုပျော်စရာကောင်းပါတယ်။

နေရာ Location
ကျွန်တော်ကတော့ ခရီးထွက်ရတာဝါသနာပါတယ်။ နေရာသစ် တွေသွားပြီး အတွေ့အကြုံတွေလိုချင်ပါတယ်။ ကျွန်တော့်ရဲ့ ဒီပြင်းပြတဲ့စိတ် ဆန္ဒကိုစာဖတ်သူတွေကို ဝေငှပေးချင်ပါတယ်။ ဓာတ်ပုံကောင်းတွေရနိုင်ဖို့ ရိုက်တဲ့နေရာကလည်းအတော်လေး ကောင်းမွန်ဖို့ လိုတယ်လို့ အတော်များများက ထင်မှတ်ထားကြတယ်။ ဒါမမှန်ပါဘူး။ ဒီဆောင်းပါးကို အိမ်မှာဖတ်နေရင် ခင်ဗျား အတွက် ဓာတ်ပုံရိုက်ဖို့နေရာကောင်းတစ်ခုကတော့ ခင်ဗျားရဲ့ အိမ်မှာပါပဲလို့ ကျွန်တော်ဆိုချင်ပါတယ်။
ရာသီဥတု ကောင်းမယ်လို့ထင်ပြီး ရောက်သွားခါမှ မျှော်လင့်ထားသလို ဖြစ်မလာတဲ့နေရာမျိုးကို ကျွန်တော်မကြာခဏ ရောက်သွားတတ် ပါတယ်။ ကျွန်တော်ရဲ့ခရီးသွားတဲ့အစီအစဉ်တွေမှာ ရာသီဥတုကောင်းတာမျိုးနဲ့ မကြုံရတဲ့အခါ အဲဒီနေရာမှာ တွယ်ကပ်မနေတော့ဘဲ စွန့်ခွာခဲ့ရတယ်။ အဲဒီမှာရရှိလိုက်တဲ့ အသိတရားကတော့ ရာသီဥတုသာ ကိုယ့်ဘက်ကပါခဲ့ရင် ဓာတ်ပုံ ကောင်းကောင်းတွေ ရနိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့်ရာသီဥတု သာယာမလား။ မသာယာဘူးလားဆိုတာသိရအောင် မိုးလေဝသ အခြေအနေထုတ်လွှင့်ချက်ကို အစဉ်မပြတ်သိထားမယ်ဆိုရင် နေရာမှန်ကိုဒက်ထိ ကွက်တိရောက်သွားဖို့ အခွင့်အလမ်းပိုများပါတယ်။
ကိုယ့်အိမ်အနီးပတ်ဝန်းကျင်မှာအတော်များများရိုက်ပြီးတဲ့ အခါ ရိုက်စရာကောင်းကောင်းသိပ်မကျန်တော့ဘူးလို့ ထင်ကောင်းထင်မိကြ တယ်။ မဟုတ်ပါဘူး။ လူတိုင်းကဒါမျိုးရိုက်ပြီးနေပြီပဲဆိုတဲ့စိတ်ကို စွဲမနေဘဲ ငါဘယ်လိုဖန်တီးပြီး ရိုက်နိုင်မလဲဆိုတာကြိုးစားကြည့်ပါ။ သူများတွေမရိုက် ဖူးသေးတဲ့နယ်မြေသစ်မှာ ခင်ဗျားရဲ့ကင်မရာကို အဆင်သင့်ပြင်ပြီး အမြင်ကျယ်ကျယ်ထား၊ ရှုထောင့်အသစ်တွေ၊ ဓာတ်ပုံအယူအဆတွေနဲ့ ဆန်းသစ်ပြီးရိုက်ပါ။ ပထမမှာတော့ အောင်မြင်မှုအနည်းအကျဉ်းလောက်ပဲ ရပါလိမ့်မယ်၊ ဒါပေမယ့် ကိုယ့်အိမ်နဲ့ မနီးမဝေးမှာ ရှိနေတာကြောင့်နောက် ထပ်ပုံတွေရနိုင်ဖို့ သွားရလာရတာလွယ်ကူပါတယ်၊ အလောသုံးဆယ်လုပ်ဖို့ လည်း မလိုပါဘူး၊ တစ်နေ့တာရိုက်ခဲ့တာတွေမှာ ပုံကောင်းတွေမရလို့ စိတ်ပျက်စရာလည်းမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်က အချိန်တွေ အများကြီးပေးနိုင်တယ်။ ရိုက်လို့ကောင်းမယ့်နေရာကို တွေးထားရင် အလင်းရောင်ပိုကောင်းတဲ့ အချိန်မျိုးမှာပြန်လာပြီး ရိုက်လို့ရပါတယ်၊ ဒါမှ မဟုတ်တစ်ခြားသူတွေမတွေ့သေးတဲ့ ရိုက်ကွက်မျိုးကို ကိုယ်ကတွေးထားပြီဆိုရင်အချိန်မရွေးရိုက်ဖို့ အခွင့်အရေးတွေ ရှိနေပါမယ်။ ကိုယ့်ရဲ့ ရိုက်ကွင်းနယ်ပယ်ကို ချဲ့နိုင်မယ်ဆိုရင် မကြာခင်မှာပိုတော်တဲ့ ဓာတ်ပုံဆရာ တစ်ယောက် ဖြစ်လာပြီး ကိုယ်ပိုင်ဓာတ်ပုံအယူအဆတွေကို ပိုမိုတွေ့ရှိလာ နိုင်မှာ ဖြစ်လာပါတယ်။ ကျွန်တော့်အနေနဲ့ နေအိမ်အနီးအနားမှာ အဓိပ္ပာယ် ကိုဖွင့်ဆိုရာမှာ ကိုယ့်ရဲ့အိမ်ဒါမှမဟုတ် တိုက်ခန်းကနေ မိနစ်အနည်းငယ် ဒါမှမဟုတ် နာရီအနည်းငယ် အတွင်း မော်တော်ကား၊ ခြေလျင်၊ စက်ဘီးနဲ့ လွယ်လင့်တကူ သွားလို့ရနိုင်တဲ့နေရာမျိုးကို ဆိုလိုတာပါ၊ ခင်ဗျားတို့ရဲ့ စိတ်ထဲမှာ အိမ်မြောက်ဘက်က ခြံဝင်းထဲမှာရိုက်ရမယ်လို့ ထင်ကောင်းထင်နေကြ လိမ့်မယ်။ နေရာ location နဲ့ပတ်သက်လို့ လူတိုင်း တတ်ကျွမ်း သိနားလည်နိုင်ကြပါတယ်။ နေရာကောင်းကိုသိထား တွေ့ထားရင်ဓာတ်ပုံ ကောင်းတွေရဖို့ အထောက်အကူအများကြီးဖြစ်စေပါတယ်။

လေ့လာခါစ စိတ်ထားမျိုးနဲ့ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာပါစေ(Be an expert with a Beginner's mind)
ကောင်းပါပြီ၊ Beginner's mind ခုမှစတဲ့လူတစ်ယောက်ရဲ့ စိတ်ထားမျိုးဆိုတာဘာလဲ၊ Paractise makes Perfect ဆိုတဲ့ စကားမျိုးရှိတယ်မဟုတ်လား၊ ဘယ်လိုဟာမျိုးနဲ့အဆင်ပြေသလဲဆိုတာ သိသွား ပြီဆိုရင်ဒါကိုပဲ ထပ်ခါတလဲလဲ ကျွန်တော်တို့ လုပ်လေ့ ရှိကြတယ်။ အောင်မြင်မှုရပြီဆိုရင် ဒါကိုပဲထပ်လုပ်၊ ပြန်ကျော့၊ မိတ္တူ ပြန်ကူးကြတယ်၊ လမ်းဟောင်းကနေ ခွဲထွက်ပြီး ဖန်တီးလိုစိတ် မရှိကြတော့ဘူး။
သမိုင်းကိုပြန်ကြည့်ရင် အောင်မြင်မှုရခဲ့တဲ့လူတွေဟာ အသစ်အဆန်းတွေကို ကြိုးစားလုပ်ခဲ့ကြသူတွေ၊ နယ်ပယ်တစ်ခုမှာ အစထွင်လုပ်သူတွေ၊ လမ်းဖောက်သုတွေ၊ အသစ်တွေကို ဖန်တီးခဲ့ကြတဲ့သူတွေမဟုတ်ပါလား။ ဒီအတိုင်းပဲဓာတ်ပုံမှာလည်း ကျွန်တော်တို့ လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရိုက်ကွင်းဆီကိုခုမှစပြီး ကင်မရာကိုင်ဖူးတဲ့စိတ်မျိုးနဲ့ ရောက်သွားတဲ့အခါ အသစ် အဆန်း တစ်ခုကိုစမ်းကြည့်ချင်စိတ်ဖြစ်နေလိမ့်မယ်။ အရင်တုန်းက တစ်ခါမှလက်တည့်စမ်းမကြည့်ရတာမျိုးကို ရိုက်ကြည့်ချင်နေ လိမ့်မယ်။ ဓာတ်ပုံဆရာကြီးတွေလက်ခံမှာ မဟုတ်တာမျိုးကိုရိုက်ဖို့ ကြိုးစားကြည့်လိမ့်မယ်။ ပုံတစ်ပုံကို ဘယ်လိုမျိုး ရိုက်ရင် အဆင်ပြေမလဲ။ ကောင်းမလဲဆိုတာ နားလည်သဘောပေါက်လာလိမ့်မယ်။ ကိုယ့်ရဲ့မျက်စိအမြင်ဘောင်ကို ကျော်လွန်ပြီးတော့ Raw ပုံတွေကနေဘယ်လိုအသေးစိတ်တွေကို ပုံဖော်မ လဲ။ HRD ပုံတွေကိုဘယ်လိုဖန်တီးမလဲ။

ဓာတ်ပုံအယူအဆ(Composition)
ဓာတ်ပုံပညာမှာ စွမ်းအားအထက်အမြက်ဆုံး ကိရိယာကတော့ ဓာတ်ပုံအယူအဆ(Composition) ဖြစ်ပါတယ်၊ ဓာတ်ပုံ အယူအဆ စည်းမျဉ်းဥပဒေတွေကို ကျွန်တော်တို့မျက်စိမှိတ်ပြီး လိုက်နာဖို့မလိုပါဘူး။ ဒီစည်းမျဉ်း ဥပဒေကိုသိရှိတဲ့အတွက် ထိခိုက်မှု မရှိနိုင်ပါဘူး။ သို့ပေမဲ့လည်း ဒီစည်းမျဉ်းဥပဒေတွေကိုအတိုင်း ရိုက်ဖို့ကင်မရာကိုင်ခါစတွေကိုလည်း အားပေးတာမျိုးမရှိပါဘူး။ ဒီစည်းမျဉ်း ဥပဒေတွေကို ခေတ္တခဏမေ့ထားပြီး ဓာတ်ပုံအယူအဆအသစ်တွေနဲ့ စမ်းသပ်ကြည့်ပါ။ မြေကြီးပေါ်မှာပက်လက် လှန်အိပ်ပြီး သစ်ပင်တွေကို fisheyes မှန်ဘီလူးနဲ့ရိုက်ကြည့်ပါ။ ရိုက်တဲ့ ရိုက်ချက်တိုင်းကို တစ်နေရာတည်းကနေမရိုက်နဲ့။ နေရာ အသစ်တွေ ပြောင်းရွေ့ရှာပါ။ ရှုထောင့်အသစ်တွေရှာကြည့်ပြီး ပြန်ရိုက်ပါ။ prespective အမျိုးမျိုးအတွက် အနေအထား အမျိုးမျိုးနဲ့ ရိုက်ပါ။ အမြင့်ကနေရိုက်ဖို့ သစ်ပင်ပေါ် တက်ရိုက်ပါ။ သာမန်အနေအထားမျိုးနဲ့ ရိုက်တာမျိုးမဟုတ်ဘဲ ကွဲပြားခြားနားတဲ့ အနေ အထားမျိုး ဖန်တီးပြီး ရိုက်ကြည့်ပါ။ ဓာတ်ပုံဆရာကြီးတွေရဲ့ နည်းလမ်းတွေကိုခဏမေ့ထားပြီး ခေါင်းထဲမှာဘာမှမရှိတဲ့ သဘောမျိုး နဲ့ရိုက်ကြည့်ပါ။ ကမ္ဘာကြီးကို ကလေးငယ်တစ်ယောက်မြင် သလိုမျိုးကြည့် ပါ။ဘယ်လိုကလေးမျိုးလဲဆိုတော့ အရာရာကိုစူးစမ်းချင်တဲ့ လက်တည့်စမ်း ချင်တဲ့ ကလေးငယ်တစ်ယောက်ရဲ့စိတ်ထားမျိုးပေါ့။ အရင်ကသိထားတဲ့ အယူအဆတွေကို ဘေးဖယ်ထားပြီး ရိုက်ချက်တိုင်းကိုစိတ်သစ် လူသစ်နဲ့ ရိုက်ကြည့်ပါ။

No comments :

Post a Comment

The lady movie

LinkWithin

Related Posts Plugin for WordPress, Blogger...